ဗုဒ္ဓမြတ်စွာဘုရား

ဗုဒ္ဓမြတ်စွာဘုရား
ဤ ဘလော့ပိုင်ရှင်သည် မြတ်ဗုဒ္ဓ၏ အရိပ် အောက်တွင် တည်ရှိပါသော ကြောင့် ဝင်ရောက်ကြည့်ရှု့သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ

Monday, 22 August 2011

၁၂ ပါးသောကိုယ်စောင့်နတ် မေတ္တာရောင်ပြန်နည်း

                                တောင်တန်းသာသနာပြု ဆရာတော်  ဦးဥတ္တမသာရ ၏  (၁၂) ပါးသော ကိုယ်စောင့်နတ် မေတ္တာရောင်ပြန်နည်း ကို ဖော်ပြလိုက်ပါသည်။
        
           မေတ္တာပို့နည်း  => ( ကိုယ်စောင့်နတ် အမည် =>> ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ။
               ဥပမာ။။   (၁) သတ္တပါလ - ဖူးစာရေးနတ်  ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။

    (၁) သတ္တပါလ => ဖူးစာရေးနတ် 
(၂) ဝါမေသူရ   => စည်းစိမ်  ကိုစောင့်သောနတ်
                                           (၃) ဇလသညာ => အလှူဒါန ကိုစောင့်သည့် နတ်
(၄) ဃရပါလေ => အိုးအိမ် ကိုစောင့်သည့်နတ်
(၅) စန္ဒီ            => ကျက်သရေမင်္ဂလာရှိသောနတ်
(၆) ကလျာဏီ => အသက်စောင့်နတ်
(၇) ဗလီရာဇာ => အိပ်မက်ပေးသောနတ်  
(၈) လက်ချမီးဒေဝီ => ဥစ္စာပေးသည့်နတ်
 (၉) သူရဿတီ  => ပညာဥာဏ်ကို စောင့်သောနတ်
 (၁၀) ဝကပါလ => ခရီးသွားလျှင်စောင့်သောနတ်
(၁၁) နရိန္ဒဒေဝီ => အိပ်စက်လျှင် စောင့်သောနတ်
(၁၂) မဟာပိန္နဲ => အခါခပ်သိမ်းစောင့်သောနတ်

  ကိုယ်စောင့်နတ် (၁၂) ပါး မေတ္တာပို့ပွါးနည်း

(၁) သတ္တပါလနတ်ကို (၉) ရက်တိတိ  နံနက်တိုင်း (၃၇) ကြိမ် မေတ္တာပို့လျှင် အချစ်ရေးမှန်သမျှ အဆင်ပြေလိမ့်မည်။
(၂) ဝါမေသူရနတ်ကို (၉) ရက်တိတိ နံနက်တိုင်း (၉) ကြိမ် မေတ္တာပို့လျှင် အလုပ်အကိုင်အားလုံး အဆင်ပြေလိမ့်မည်။
(၃) ဇလသညာနတ်ကို နေ့စဉ် (၇) ရက်တိတိ နံနက်တိုင်း (၃၇) ကြိမ် မေတ္တာပို့လျှင် အလှူဒါနကြီးများပြုလုပ်ရလိမ့်မည်။
(၄) ဃရပါလနတ်ကို နေ့စဉ် (သို့မဟုတ်) လိုအပ်သည့်အခါ နံနက်တိုင်း (၃၇) ကြိမ်မေတ္တာပို့လျှင် မိမိ၏ တိုက်တာအိုးအိမ်ခြံမြေများ ရန်သူမျိုးငါးပါး ဘေးမှကင်းလွတ်မည်။
(၅) စန္ဒီနတ်သမီးကို နေ့စဉ်နံနက်တိုင်း (၁၇) ကြိမ်မေတ္တာပို့လျှင် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံမည်။
(၆) ကလျာဏီနတ်ကို အမြဲတမ်း နံနက်တိုင်း (၃၇) ကြိမ်မေတ္တာပို့လျှင် အသက်အန္တရာယ်ထိခိုက်မှုမှ ကင်းဝေးမည်။
(၇) ဗလီရာဇနတ်ကို (၇) ရက်တိတိ နံနက်တိုင်း (၇) ကြိမ်မေတ္တာပို့လျှင် မိမိအလိုဆန္ဒ များ ပြည့်ဝလာမည်။
(၈) လက်ချမီးဒေဝီနတ်ကို နေ့စဉ်နံနက်တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် မိမိပြောသမျှ စကားများအောင်မြင်မည်။
(၉) သူရဿတီနတ်သမီးကို (၇) ရက်တိတိ နံနက်တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် ပညာရေးအောင်မြင်မှုရမည်။
(၁၀) ဝကပါလနတ်ကို ခရီးမသွားခင် ကြိုတင်၍ (၉) ကြိမ်မေတ္တာပို့လျှင် လမ်းခရီးဘေးအန္တရာယ် မှကင်းဝေးမည်။
(၁၁) နာရိန္ဒာဒေဝီနတ်ကို အိပ်ရာဝင်ခါနီး ညစဉ်ညတိုင်း (၉) ကြိမ်မေတ္တာပို့လျှင် မကောင်းသောအိပ်မက်များ မမြင်မက်နိုင်။
(၁၂) မဟာပိန္နဲနတ်ကို နေ့စဉ်နေ့တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် ကျက်သရေမင်္ဂလာ နှင့်ပြည်စုံမည်။
                                ၁၂ ပါးသောကိုယ်စောင့်နတ်မေတ္တာရောင်ပြန် မည်း ပြီ၏

Saturday, 20 August 2011

အမွေးအမှင်များရိတ်နည်း (ယောက်ျားလေးများအတွက်သာ)

                                      လူတစ်ယောက်ရဲ့ မျက်နှာပြင်မှာ ယေဘုယျအားဖြင့် အမွေးအမှင်ပေါင်း ၂၅၀၀၀၀ ရှိတယ်လို့ ပညာရှင်တွေက ဆိုထားကြတယ်။ အမွေးအမှင်ရိတ်တာနဲ့ ပတ်သက်လို့ အီဂျစ်လူမျိုးတွေက ဦးဆုံး စလုပ်ခဲ့ကြတယ်။
                                   အမွေးအမှင်ရိတ်တာဟာ တချို့လူတွေ အတွက် အဖု၊ အပိန့်တွေထွက်လာသလို တချို့လူတွေအတွက် အမွှေးအမှင်ရိတ်သုံး ပစ္စည်းတွေကြောင့် ဓာတ်မတည့်တာတွေ ရှိတယ်။ ဒါကြောင့် အမွေးအမှင်ရိတ်တယ် ဆိုတာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ ရွေးချယ်မှုတစ်ခုလည်း ဖြစ်တယ်။
ကိုယ်ဆန္ဒရှိသလို ရွေးချယ်နိုင်တယ်။ ဆန္ဒရှိမှ ရိတ်နိုင်သလို လူတိုင်းရိတ်ပါလို့လည်း မတိုက်တွန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးပညာရှုထောင့်အရ အမွေးအမှင် ရိတ်တာနဲ့ ပတ်သက်ပြီး တိတိပပ အကျိုးအကြောင်း မပြနိုင်သေးလို့ပဲ ဖြစ်တယ်။
တချို့ပညာရှင်တွေကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ အမွေးအမှင်တွေကို ရိတ်တာ မကောင်းဘူး။ သဘာဝက ကာကွယ်မှု အနေနဲ့ ပေးထားတဲ့ အမွေးအမှင်တွေဖြစ်လို့ မရိတ်ကောင်းဘူး။ တချို့ကတော့ ကောင်းတယ်ဆိုပြီး အမျိုးမျိုးဆိုထား ကြတယ်။ ဒါကြောင့် ဒီကိစ္စကို Personal Choice ဆိုပြီး သဘောထားလိုက် ကြရအောင်။ အမွေးအမှင်ရိတ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းပစ္စယတွေကတော့ ဂျုတ်၊ Shaving Lotion (Gel, Goam)၊ ရေနွေးတို့ လိုအပ်ပါတယ်။ အစားထိုးပစ္စည်းအဖြစ် ကတ်ကြေး၊ ဇာဂနာ၊ Hair Conditioner ၊ Dry Skin lotion ၊ ဗက်ဆလင်းတို့ အစားထိုးအသုံးပြုနိုင်ပါသေးတယ်။
Razor ရွေးနည်း
ဘာပဲဖြစ်ဖြစ် Quality ကို ကြည့်ပြီးရွေးပေးပါ။ အကောင်းဆုံး ပစ္စည်းဟာ ဈေးအချိုဆုံး ပစ္စည်းတော့ မဟုတ်ပါဘူး။ ဈေးချိုချိုဂျုတ်တစ်ခုဟာ ဓားရှခြင်း၊ သွေးထွက်ခြင်း၊ ယောင်ရမ်းခြင်း၊ အမာရွတ်တို့ဖြစ်တတ်ပါတယ်။ တကယ်လို့ မိမိဟာ ပုံမှန်ရိတ်နေရတယ် ဆိုရင် Electric Razor (လျှပ်စစ်ဂျုတ်) ကို ရွေးသုံးပေးပါ။ Brand ကောင်းကောင်းထဲက သုံးပေးပါ။ နောက်တစ်ခုကတော့ Shaving Gel, Cream, Foam တို့ ရွေးပေးပါ။
ဘယ်လောက်ရိတ်ရမှာလဲ
ယောက်ျားလေးတွေ အကြောင်းကိုပဲ ဇောင်းပေးတင်ပြမှာဖြစ်လို့ ယောက်ျားလေးတွေရဲ့ အမွေးအမှင်တွေအကြောင်းပဲ ပြောကြမယ်။
မရိတ်ခင်
အရေပြားခြောက်သွေ့နေစဉ်မှာ ရိတ်မယ်ဆိုရင် အရေပြားကို ဓားထိနိုင်ပါတယ်။ ရိတ်မယ့်နေရာကို အရင်ဆုံး ရေနွေးနွေးနဲ့ သစ်ပေးရပါမယ်။ ရေနွေးနဲ့ သစ်ပေးတာဟာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို နူးညံ့စေပြီး ချွေးပေါက်တွေကို ကျယ်စေတဲ့အတွက် ရိတ်ရတာပိုပြီး လွယ်စေပါတယ်။
ပြီးရင် Shaving Cream သုံးပေးပါ။ အမွေးအမှင်တွေကို နူးညံ့စေပြီး ရိတ်မယ့်နေရာ တစ်ဝိုက်ကို နှိပ်နယ်ပေးပါ။ Shaving Cream, Gels, Foams တို့သုံးတဲ့အခါမှာ Benzocaine, Menthol တို့ပါတဲ့ ပစ္စည်းတွေကို မသုံးပါနဲ့။ အသားအရေကို ထိခိုက်စေ နိုင်လို့ ဖြစ်ပါတယ်။ ချွေးပေါက်တွေကို ပိတ်စေပြီး ရိတ်ရတာ ဓားရှနိုင်ပါတယ်။
ရိတ်တဲ့အခါ
ရိတ်နေစဉ်မှာ ရေနွေးနဲ့ မကြာခဏသစ်ပေးပါ။ အမွေးအမှင်တွေကို နူးညံ့စေတယ်။ ချွေးပေါက်တွေကို ကျယ်စေပြီး အရေပြားကိုလည်း သန့်စင်စေလို့ဖြစ်ပါတယ်။ အမွှေးအမှင်တွေရဲ့ သဘောက စိုလေပိုပြီး အားနည်းလေဖြစ်တဲ့အတွက် ရိတ်ရတာပိုပြီး အဆင်ပြေချောမွေ့လေပဲ ဖြစ်ပါတယ်။
အကောင်းဆုံးက မနက်ပိုင်းရိတ်တာ အကောင်းဆုံးပါပဲ။ ရေချိုးပြီးမှ ရိတ်ရင် ပိုကောင်းပါတယ်။ သုံးတဲ့ဂျုတ်ဟာ ထက်နေရပါမယ်။ ဓားတုံးတဲ့အခါ ရိတ်တဲ့နေရာမှာ အခက်အခဲရှိနိုင်ပြီး အရေပြားကို ဆွဲဆုတ်ပစ်လိုက်ပြီး ဓားရှနိုင်ပါတယ်။
ရိတ်တဲ့အခါ အမွေးအမှင်တွေလားရာဘက်ကို ဦးတည်ပြီး ရိတ်သွားပေးရမှာ ဖြစ်ပါတယ်။ ရိတ်တဲ့အခါ တိုတိုဆွဲပြီး ရိတ်တာဟာ ပိုပြီး သပ်သပ်ရပ်ရပ်ရှိစေပါတယ်။ ရိတ်တဲ့အခါ အားနဲ့မာန်နဲ့ မဆွဲမိစေပါနဲ့။ အရေပြားကို ဓားရှသွားနိုင်ပါတယ်။ ဖြည်းဖြည်း ညင်ညင်သာသာလေးသာ ဆွဲပေးပါ။ ရိတ်ပြီးသွားလို့ရှိရင် ရေနွေးနဲ့ပဲ ပြန်ဆေးကြောပေးပါ။
ရေချိုးခန်းထဲမှာ ရိတ်တယ်ဆိုရင် မတ်တပ်ရပ်ပြီး ရိတ်တာပိုကောင်းတယ်လို့ အလှအပ ကျွမ်းကျင် ပညာရှင်တွေ့ ဆိုထားတယ်။ အိပ်ရာကထထချင်းမရိတ်ပါနဲ့။ အနည်းဆုံး ဆယ်မိနစ်ခန့် စောင့်ပေးပါ။ အလားတူရိတ်ပြီး သွားရင်လည်း အိပ်ရာထဲ တန်းမဝင်ပါနဲ့။ ဆယ်မိနစ်ခန့် စောင့်ပေးပါ။
ရိတ်ပြီးသွားရင်
ရိတ်ပြီးသွားရင် ရေအေးနဲ့ဆေးပေးပါ။ ဒါမှချွေးပေါက်တွေကို ပြန်ပိတ်စေမှာ ဖြစ်ပါတယ်။ ပြီးမှ toner သုံးပါ။ ဒါမှ ချွေးပေါက်တွေကို ပြန်လည်းပိတ်၊ အရေပြားကိုလည်း ပြန်ပြီး လန်းဆန်းစေမှာဖြစ်တယ်။ ရိတ်ပြီးသွားတဲ့နေရာကို Moisturizer လေးလိမ်းပေး နိုင်ပါသေးတယ်။ After Shaves Lotions တွေကို Alcohol မပါတာပဲ သုံးပေးပါ။ Alcohol ပါတာတွေဟာ အရေပြားကို အမြန်ခြောက်စေနိုင်လို့ ဖြစ်ပါတယ်။ အားလုံးပြီးသွားရင် မျက်နှာတစ်ပြင်လုံးကို Mositurizer လိမ်းပေးရပါမယ်။
မလုပ်သင့်သော အချက်များ
Alcohol ပါတဲ့ ဘယ်ပစ္စည်းမဆို မသုံးပါနဲ့။ အရေပြားကို အမြန်ခြောက်စေပြီး အန္တရာယ် ရှိစေနိုင်လို့ ဖြစ်ပါတယ်။ တကယ်လို့ ဓားရှသွားခဲ့ရင် လက်နဲ့ ကုတ်ခြစ်ခြင်း၊ ပွတ်သပ်ခြင်းတို့ မလုပ်ပါနဲ့။ ပိုးမွှားကူးစက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ အတွင်းနေရာနားက အမွေးအမှင်တွေကို မနှုတ်ပစ်ပါနဲ့။ ကိုယ့်မျက်ရည်ကိုယ်ထွက်အောင် မလုပ်ပါနဲ့။ တစ်ခါဆွဲ (ရိတ်) ပြီးသွားတိုင်း ဂျုတ်ကိုရေနဲ့ဆေးပါ။ အမွေးအမှင်တွေ ရိတ်တဲ့အခါသုံးတဲ့လိုးရှင်း၊ ပေါင်းဒါတွေဟာ ရနံ့ပါတာတွေ၊ အရောင်ပါတဲ့ဟာတွေဆိုရင် မသုံးပါနဲ့။



http://www.myanmarnewszone.com/fashion/9204-how-to-shave-body-hair-only-for-boys.html


Ref : 8 Days

Thursday, 18 August 2011

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ


                          ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမှု၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်တယ်။

ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပုခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။


သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးတိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ဆိုကြတယ်။ လောကမှာ ယောက်ျားတွေရဲ့စိတ်သဘောထားကပဲ ချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားက လမ်းကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေးစာအတုယူဖို့ကောင်းတယ်။ ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေကြောင့် မိခင်တစ်ဦးရဲ့ ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေးငါးယောက်ကို ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။


ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမှုရက်စက်ခြင်းနဲ့ လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့် တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေ လာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအတွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင်နာတတ်တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်ပါတယ်။


တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်ဟစ်ငိုယိုမယ်၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုတာပဲဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ ဒီလိုအပြုအမှုတွေက ဘာစကားလုံး ဘာခံစားချက်နဲ့မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲ တစ်သက်စွဲငြိစေပါတယ်။


နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေက အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်က စည်းကမ်းတကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာမဖြစ်တော့ဘူး။


ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး တဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ခေတ္တရပ်နားခလုတ်

                                                 
           
ဒေါသနဲ့ တုန့်ပြန်မှုကြားမှာ နေရာလပ်လေးတစ်ခုရှိတယ်။ ဒေါသကိုဘယ်လိုတုန့်ပြန်မလဲဆိုတဲ့
ကျွန်တော်တို့ရဲ့လွတ်လပ်မှု၊ ကျွန်တော်တို့ရဲ့အင်အားတွေ အဲဒီနေရာလပ်ထဲမှာပဲ ကျွန်တော်တို့ ရွေးချယ်နိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ရဲ့တုန့်ပြန်မှုထဲမှာ ကြီးပြင်းရင့်ကျင်ခြင်းနဲ့ လွတ်လပ်ခြင်းကို ဖုံးကွယ်ထားတယ်။

မနေ့ညက ကျွန်တော်အလုပ်အချိန်ပိုဆင်းနေတယ်။ သူဌေးပါးစပ်နဲ့ မိန့်ကြားခဲ့တဲ့စကားတွေကို အလုပ်စီမံကိန်းအဖြစ် ကျွန်တော်စာစီနေခဲ့တယ်။ သူ့ဆိုလိုရင်းကိုရအောင် ကျွန်တော်စိတ်မရှည်စွာနဲ့ ရေးနေခဲ့တယ်။ အဲဒီအချိန်မှာ အိမ်သူသက်ထားက ကျွန်တော့်ဆီဖုန်းဆက်တယ်။

"ရှင် ဘာလုပ်နေတာလဲ?" သည်းခံစိတ်မရှိ သူမေးတယ်။ "ဒီည အိမ်မှာ ဧည့်သည်ရှိတယ်ဆိုတာ ရှင်မသိဘူးလား? ရှင်အခုဘယ်ရောက်နေလဲ?" စိတ်တိုတိုနဲ့ သူအော်တယ်။

သူ့အမေးကိုကြားတော့ ကျွန်တော်ခပ်မာမာပြန်ပြောတယ်။

"ဧည့်သည်က နင်ဖိတ်ထားတာပဲ။ ငါ့အပေါ် လာမပုံချနဲ့.. ငါ အချိန်ပိုလုပ်ရဦးမယ်။ နင့်ဘာသာ နင့်ဧည့်သည်ကို ဧည့်ခံဖို့ စဉ်းစား။ အလုပ်ပြီးရင် ငါအလိုလိုအိမ်ပြန်လာလိမ့်မယ်"

ဖုန်းချပြီး အလုပ်ခုံပေါ်ကျွန်တော်ထိုင်ချလိုက်တယ်။ အိမ်သူသက်ထားကို ကျွန်တော်တုန့်ပြန်လိုက်တဲ့ တုန့်ပြန်မှုက လုံးဝ အပျက်သဘောဆောင်နေတယ်ဆိုတာကို ရုတ်တရက် ကျွန်တော်အသိရလိုက်တယ်။ ပြန်ပြောတဲ့စကားတွေကလည်း အေးစက်မာကျောနေတယ်။ သူမေးတဲ့မေးခွန်းက အကျိုးအကြောင်းသင့်ပါတယ်။ ကသိကအောက်အနေအထားမှာ သူရှိနေမယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်။ ဧည့်သည်လည်း ကျွန်တော်ရှိနေဖို့ကို မျှော်လင့်မှာပဲ။ ဒါကို နားလည်မှုမပေးခဲ့တဲ့အပြင် သူ့ကို ခပ်ရိုင်းရိုင်း ကျွန်တော်ပြန်တုန့်ပြန်ခဲ့မိတယ်။ ဒီလိုတုန့်ပြန်မှုက ပြဿနာကို ပိုကြီးထွားအောင် လုပ်လိုက်သလိုပါပဲ...

ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ကြည့်တယ်။ ကျွန်တော့်အမှားကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ အိမ်သူသက်ထားကို ဒီလိုမတုန့်ပြန်ချင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ကြားမှာ မပျော်ရွှင်တဲ့ခံစားမှုမျိုး မရှိစေချင်ခဲ့ပါဘူး။

တကယ်လို့ တခြားတုန့်ပြန်နည်းနဲ့ ကျွန်တော်တုန့်ပြန်ခဲ့မယ်၊
တကယ်လို့ ကျွန်တော်သည်းခံစိတ်ပိုရှိခဲ့မယ်၊ ပိုနားလည် သဘောပေါက်ခဲ့မယ်၊
တကယ်လို့ ကျွန်တော်ရဲ့စတင်မှတ်က သူ့ကိုချစ်ဖို့ စောင့်ရှောက်ဖို့၊ အဲဒီလိုအခြေအနေမျိုးမှာ သူ့အပေါ်ဒေါသထွက်ဖို့ မဟုတ်ခဲ့ရင် နောက်ဆုံးရလဒ်က ထူးခြားသွားပါလိမ့်မယ်။

ဒီအချက်ကို ကျွန်တော်မစဉ်းစားမိခဲ့ဘူး။ ကျွန်တော့်ရဲ့တုန့်ပြန်မှုက အဲဒီအချိန်မှာခံစားနေရတဲ့ ခံစားချက်ပေါ်မူတည်ခဲ့တယ်။ အဲဒီအချိန်ရဲ့ခံစားနေရတဲ့ ခံစားချက်ထဲ ကျွန်တော်နစ်မွန်းခဲ့တယ်။ အဲဒီခံစားချက်တွေက ပြင်းထန်လွန်းလို့ ကျွန်တော့်အတွင်းစိတ်ထဲက တကယ့်လုပ်ချင်တဲ့အရာကို ကျွန်တော်မမြင်ခဲ့မိဘူး။

ကံကောင်းစွာနဲ့ အလုပ်ကမြန်မြန်ဆန်ဆန် ပြီးသွားခဲ့တယ်။ အိမ်အပြန်လမ်းမှာ အိမ်သူသက်ထားနဲ့ သူ့ဧည့်သည်ကို ကျွန်တော်တွေးနေမိတယ်။ အိမ်ရောက်တော့ ဧည့်သည်တွေက ပြန်သွားခဲ့ပါပြီ။ သက်ထားလေးနောက် တကောက်ကောက်လိုက်ပြီး ကျွန်တော်အကြိမ်ကြိမ်တောင်းပန်မိတယ်။ တိုနေတဲ့သူ့စိတ်တွေ တခဏချင်း ပြေလျော့သွားပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဘာအဖုအထုံးမှ ရှိမနေခဲ့တော့ပါဘူး။

ကျွန်တော်တို့က တိုက်ရိုက်တုန့်ပြန်မှုကို အလွယ်တကူ ထုတ်ပြတတ်သူတွေပါ။ ခင်ဗျားတို့ရော ဒီလိုပဲလား..?

တစ်ခါတလေမှာ ခံစားနေရတဲ့ ခံစားချက်ထဲ သင်ချက်ချင်းခုန်မထွက်နိုင်တဲ့အခါ မပြောသင့်တဲ့စကား၊ မလုပ်သင့်တဲ့အရာကို သင်ပြောမိ၊ လုပ်မိတတ်တယ်။
"အဲဒီတုန်းက ခဏရပ်ပြီး ငါစဉ်းစားခဲ့ရင်၊ တွေးခဲ့ရင် ဒီလိုတုန့်ပြန်မှုမျိုးကို ငါတုန့်ပြန်မိမှာမဟုတ်ဘူး" လို့ သင်တွေးမိတတ်တယ်။

တကယ်လို့ လူတွေဟာ တကယ့်အတွင်းစိတ်ထဲကလေးနက်မှုနဲ့ တုန့်ပြန်ခဲ့ပြီး လျှပ်တစ်ပြက်ခံစားနေရတဲ့ ခံစားချက် ဒါမှမဟုတ် အခြေအနေနဲ့ မတုန့်ပြန်ခဲ့ဘူးဆိုရင် မိသားစုဘဝကို ပိုပျော်ရွှင်ချမ်းမြေ့စေပါတယ်။ ဖြစ်ပျက်ချိန်နဲ့ တုန့်ပြန်မှုကြားမှာရပ်နားဖို့ "ခေတ္တရပ်နားတဲ့ခလုတ်"တစ်ခုကို ကျွန်တော်တို့လိုအပ်ပါတယ်။ ခေတ္တရပ်နားပြီး ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့တုန့်ပြန်နည်းကို ကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်တို့မှာ "ခေတ္တရပ်နား"နိုင်တဲ့အင်္ဂါရပ်ရှိရင် မိသားစုတွေကိုလည်း "ခေတ္တရပ်နား"ဖို့ သင်ပေးနိုင်ပါလိမ့်တယ်။


မူရင်းဝက်ဆိုက်ဒ် --- http://www.duwenzhang.com/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

လေချဉ်တက်ခြင်း ကင်းဝေးစေရန်

                    တချို့လူတွေဟာ လူကြားထဲမှာ “အေ့…အေ့”ဆိုပြီး လေချဉ်တက်လေ့ရှိပါတယ်။ လေချဉ်တက်လိုက်မှ လေပွလေထခြင်းနဲ့ ဗိုက်အောင့်ခြင်း သက်သာသွား တတ်တာကြောင့် နေသာထိုင်သာ ရှိအောင် ပြုလုပ်ကြတာပါ။
လေချဉ်တက်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် သူတို့ဟာ သူများထက် လေအများကြီးရှိတယ်လို့ တချို့က ယုံကြည်နေကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ လေတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။
ဒါဟာ နေ့စဉ်စားသောက်နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့အတွက် လေချဉ်တက်ခြင်း ကင်းဝေးစေဖို့ သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။
၁။ လေထစေသော အစားအသောက်ကို လျှော့စားပါ
လေထစေတဲ့အစားအသောက်တွေက ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ရေကညွတ်တို့လို ဟင်းသီးဟင်းရွက်တွေ၊ သစ်တော်သီး၊ ပန်းသီးတို့လို အသီးအနှံတွေ၊ ဖွဲနုနဲ့ ဂျုံတို့လို ကောက်နှံတွေ၊ အချိုရည်တွေ၊ ဒိန်ချဉ်နဲ့ ရေခဲမုန့်တို့လို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ကွေကာစတဲ့ လက်တို့စ်သကြားပါတဲ့ အဆင်သင့်မုန့်တွေနဲ့ သကြားမပါတဲ့ ချိုချဉ်တွေပဲ ဖြစ်ပါတယ်။
ဒီအစားအသောက်အများစုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေတဲ့အတွက် “တန်ဆေး၊လွန်ဘေး” ဆိုသလို အသင့်အတင့်သာ စားဖို့ အကြံပြုချင်ပါတယ်။
၂။ ရိုးရိုးရေ၊ စွပ်ပြုတ်နှင့် အမြှုပ်မထသော အရည်သာသောက်ပါ
ဆော်ဒါ၊ ဘီယာတို့လို လေထစေတဲ့ အရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။
၃။ မျိုချသော လေပမာဏကို လျှော့ချပါ
ကျွန်မတို့ဟာ နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို မသိမသာမျိုချမိနေတတ်ကြပါတယ်။ လေမျိုချနိုင်မှုကနေ ကာကွယ်နိုင်အောင် -
အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ ဒါဟာ အစာစားရင်း လေမျိုချနိုင်တဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။
မာတဲ့သကြားလုံးတွေကိုမစားပါနဲ့။ ဆေးလိပ်မသောက်သင့်ပါ။
သင်ဟာ သွားတုတပ်ထားရင် သွားတုတွေမြဲနေအောင် သွားဆရာဝန်နဲ့ တွေ့ဆုံပါ။
၎။ အစားအသောက် ဒိုင်ယာရီထားရှိပါ
သင်နေ့စဉ်စားတဲ့ အစားအသောက်ကို ရေးမှတ်ထားရင် သင့်ကို အများဆုံးလေထစေတဲ့ အစားအသောက်ကို သိလာရမှာပါ။ အဲဒီအစားအသောက်ကို ရှောင်ကြဉ်လိုက်တာနဲ့ လူကြားထဲမှာ လေချဉ်တက်ရတဲ့ အန္တရာယ် ကင်းဝေးသွားပါလိမ့်မယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီးတာတောင် လေထပြီး လေချဉ်တက်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ခံစားနေရတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Tip!
လူတိုင်းရဲ့ အစာခြေစနစ်မှာ လေ (Gas) ရှိပါတယ်။
နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို အမှတ်မဲ့ မျိုချမိနေနိုင်သလို လေကို မသိမသာ ထုတ်ပစ်တတ်တာမျိုးလည်း ရှိပါတယ်။
လေပမာဏ လျော့ကျအောင် လေထစေတဲ့ အစားအသောက်ရှောင်ခြင်းနဲ့ လေကို မျိုချတဲ့ ပမာဏ လျှော့ချခြင်းဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာသင့်ပါတယ်။



http://www.myanmarnewszone.com
Ref : Good Health

Friday, 12 August 2011

ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် ဘာလိုအပ်သလဲ ?????


အချစ်

ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အချစ် လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့ အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ်။ ဥပမာ-- ဂရုစိုက်တဲ့အချစ်၊ ကရုဏာအချစ်၊ တန်ဖိုးထားတဲ့အချစ်တွေဖြစ်တယ်။ အမျိုးသမီးရှုထောင့်ကနေ ပြောရရင် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ဘတ် အနက်ရှိုင်းဆုံးနေရာမှာ အချစ်ကို တောင့်တမျှော်လင့်တတ်ကြတယ်။ တစ်ခါတလေမှာ အိမ်ထောင်ရေးထဲက အချစ်ဟာ ရိုးရှင်းသာမန်လွန်းပါတယ်။ ရိုးရှင်းတဲ့ အပွေ့အဖက်လေးတစ်ခု၊ ဂရုစိုက်တဲ့ စကားတစ်ခွန်း၊ ကြင်နာတဲ့ အကြည့်တစ်ချက်၊ ရေအေးလေးတစ်ခွက်၊ တိုရှင်းတဲ့ စာတိုလေးတစ်ကြောင်း၊ စိတ်လိုလက်ရ အပြုံးလေးတစ်ခုက သင့်အနားမှာရှိတဲ့ အမျိုးသမီးကို ကာလအတိုင်းအတာတစ်ခုအထိ ဒါမှမဟုတ် တစ်သက်တာ ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။ အဓိက,က သင့်စိတ်ထဲမှာ ဇနီးမယားအတွက် အဆုံးမဲ့တဲ့အချစ် ရှိနေဖို့ပဲ လိုပါတယ်။

အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊
အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့ ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။

နားလည်မှု၊ ခွင့်လွတ်မှု

အလုပ်က အပြောထက်သာတယ် ဆိုတဲ့စကားက အိမ်ထောင်ရေးမှာလည်း သုံးဖို့သင့်တော်တယ်။ ဒဏ္ဍာရီဆန်ဆန်ချစ်ခဲ့ကြပြီး သာမန်လက်တွေ့ဘဝကို အတူဖြတ်ကျော်ကြတော့ အိမ်ထောင်တာဝန်၊ မိသားစုတာဝန်၊ လင်ဝတ္တရား၊ မယားဝတ္တရား စတဲ့အရာတွေကြားမှာ ကျွန်မတို့ အသက်ရှုကြပ်ခဲ့ကြရတယ်။ တခြားတစ်ယောက်က မောပန်းပင်ပန်းလာတဲ့အခါ အခြားတစ်ယောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုမိတတ်ကြတယ်။ အဲဒီအခါ နားလည်ပေးတတ်ဖို့ လိုအပ်တယ်။ တစ်ခါတလေ သူပြုမှုတတ်တဲ့ ကိုယ်မနှစ်သက်တဲ့ အပြုအမှုလေးတွေကိုလည်း ခွင့်လွတ်ပေးတတ်ဖို့ လိုအပ်တယ်။

အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ ချစ်နေကြတဲ့ ချစ်သူနှစ်ဦးမှာဖြစ်ဖြစ် အမှားတစ်ခုကျူးလွန်တတ်ကြတယ်။ အဲဒီအမှားက တစ်ဖက်သားရဲ့အပြုအမှု၊ အထင်အမြင်ကို ကျွန်မတို့ သတ်မှတ်ထားတဲ့ပုံစံထဲ ဝင်အောင် မျှော်လင့်တာဖြစ်တယ်။ ဒါဟာ မျှော်လင့်လို့ရနိုင်ပေမယ့် အတင်းအဓမ္မတော့ လုပ်ယူလို့မရနိုင်ပါဘူး။ တကယ်လို့ သူ့ကိုတကယ်ချစ်ရင် သူ့ရဲ့အားနည်းချက်ကိုလည်း ကျွန်မတို့ လက်ခံတတ်ရမယ်။ နှစ်သက်လို့ ရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ကို အပင်ပန်းခံပြီး ဘာလို့သွားပြောင်းလဲနေဦးမလဲ? အချင်းချင်းချစ်ကြတဲ့ လူနှစ်ဦးမှာရှိတဲ့ ခြားနားချက်တွေဟာ ကွဲပြားတဲ့နည်းလမ်းနဲ့ ကျွန်မတို့ အချင်းချင်းသင်ယူနိုင်ဖို့ပဲ ဖြစ်တယ်။ တစ်ဖက်သားရဲ့ကိုယ်ပေါ်ကနေ တစ်ဖက်သားရဲ့နှစ်လိုမှုကို ကျွန်မတို့ရှာဖွေရတယ်။ ကိုယ်ချစ်တဲ့သူ့ကိုယ်ပေါ်က ရလာတဲ့နှစ်လိုမှုတွေဟာ ကျွန်မတို့ကို အကောင်းမြင်တဲ့သက်ရောက်မှု ပေးပါတယ်။

ယုံကြည်မှု

ယုံကြည်မှုဆိုတာ အိမ်ထောင်ရေးထဲမှာ နှလုံးသားအချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ သက်သက်သာသာ တွဲချည်ထားတဲ့ကြိုးဖြစ်လည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို တည်ဆောင်နိုင်ပါတယ်။ တရားသူကြီးရှေ့မှာ၊ ကျမ်းစာရှေ့မှာ၊ ဘုရားသခင်ရှေ့မှောက်မှာ တဘက်သားထံ ယုံကြည်မှုကို ကျွန်မတိုအပ်နှံ့ကြတယ်။ သင်ယုံကြည်တဲ့မိန်းကလေးကို ဇနီးမယားအဖြစ် သင်လက်ထပ်ထိမ်းမြားတယ်။ ဆင်းရဲချမ်းသာပါစေ၊ အို၊ နာ၊ သေပါစေ မစွန့်လွတ်၊ မခွဲခွာစတမ်း လိုလိုလားလား သင်ဂတိပြုတယ်။ ဒီအချိန်မှာ ယုံကြည်မှုက ပြုံးပြုံးရွှင်ရွှင်နဲ့ အထီးကျန်တဲ့လက်တစ်ဖက်ကို အခြားနွေးထွေးတဲ့လက်တစ်ဖက်ထဲ ထည့်ပေးလိုက်တယ်။

အခုခေတ် အိမ်ထောင်ရေးမှာ ယုံကြည်မှုဆိုတာ နှလုံးသားချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ လွတ်သင့်ရင်လွတ်၊ ရုတ်သင့်ရင်ရုတ်မှ အိမ်ထောင်ရေးကို ပိုခိုင်မြဲစေမှာဖြစ်တယ်။ လှပပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှုပေါ် အုတ်မြစ်ချ တည်ဆောက်ထားတာဖြစ်တယ်။ အိမ်ထောင်ဖက်ချင်း တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုက အချစ်ကို ပိုဆတိုးစေပါတယ်။

ပွင့်လင်းမှု

ယုံကြည်မှုက အိမ်ထောင်ရေးမှာ မရှိမဖြစ်တဲ့ လိုအပ်တဲ့အချက်ဖြစ်တယ်။ ယုံကြည်မှုရဲ့ရှေ့ဆောင်က ပွင့်လင်းမှုဖြစ်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ အချစ်ရှိရုံနဲ့တင်၊ အချင်းချင်း နားလည်ခွင့်လွတ်မှု ရှိရုံနဲ့တင် မလုံလောက်ဘဲ ပွင့်လင်းမှုလည်းရှိဖို့ လိုအပ်တယ်။ တချို့ပွင့်လင်းမှုက လူကိုထိခိုက်နာကျင်တတ်စေတယ် ဆိုပေမယ့် မပြောမဖြစ် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရတဲ့အခါ ပိုထုတ်ဖော်ပြောသင့်ပါတယ်။ အိမ်ထောင်ရေးထဲက လူနှစ်ယောက်ဟာ အုပ်စုတစ်စုဖြစ်တယ်။ ဘာပဲဖြစ်နေဖြစ်နေ နှစ်ဦးစလုံး ရင်ဆိုင်ရမှာ၊ တာဝန်ယူရမှာဖြစ်တယ်။ ဘဝဟာ ဘယ်လောက်ပဲ ခါးသီးခက်ခဲလည်း နှစ်ဦးသား အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းကြတာမို့ အခါးထဲကနေ ပျော်ရွှင်ခြင်းတွေကို
နှစ်ဦးသား ခံစားကြရပါလိမ့်မယ်။

အချင်းချင်း ပြောဆိုဆက်ဆံမှု

စိတ်ပညာရှင် Leo F. Buscaglia က "အချစ်ဆိုတာ နှလုံးသားထဲမှာ တခဏသာ ဖြစ်ပေါ်လာတဲ့အရာ မဟုတ်ဘူး။ အချစ်ဆိုတာ လူနှစ်ယောက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ကြိုးစားတည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ်။ အဲဒီလိုတည်ဆောက်ဖို့ အချိန်လိုတယ်၊ စိတ်နှလုံးရှိဖို့ ပိုလိုအပ်တယ်" လို့ ဆိုခဲ့တယ်။ ဒီလိုကြိုးစားတည်ဆောက်နေတဲ့ ဘဝထဲမှာ အချင်းချင်းပြောဆိုဆက်ဆံမှုက ချောဆီသဖွယ် အသုံးဝင်တယ်။ အိမ်ထောင်ရေးတစ်ခုမှာ အောက်ကအဆင့် ၄ဆင့်ကို ဖြတ်ကျော်ကြရတယ်။

(၁) ချစ်သူရည်းစားဖြစ်ချိန်

ဒီအဆင့်က တစ်ဘက်သားရဲ့ အနာအဆာကို မမြင်တဲ့ အဆင့်ဖြစ်တယ်။ မျက်စိကို ပုဝါစနဲ့စည်းထားသလို စိတ်ကူး၊ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေတဲ့အချိန်ဖြစ်တယ်။ ပျားရည်ဆမ်းသလို အမြဲတမ်းချိုမြိန်နေပြီး လူကို အဆုံးမဲ့မူးယစ်ခြင်းတွေ ဖြစ်စေတယ်။

(၂) မရေမရာ ရှုပ်ထွေးချိန်

ပျားရည်ဆမ်းထဲကနေ ရုတ်တရက် လန့်နှိုးလာတဲ့အချိန်ဖြစ်တယ်။ တစ်ဘက်သားအပေါ် မျှော်လင့်ချက်မဲ့စပြုလာတယ်။ အချင်းချင်းဆက်ဆံရေးကို စိတ်ပျက်လာတယ်။ ဒီလိုအချိန်ဟာ အချင်းချင်း အံဝင်အောင် ပွတ်တိုက်ချိန်ဖြစ်တယ်။

(၃) အားပြိုင်ချိန်

ဒီအဆင့်မှာ နှစ်ဦးနှစ်ဖက်စလုံး ခံစားချက်တွေ မတည်မငြိမ်ဖြစ်ကြတယ်။ ငြင်းခုန်မှု၊ အားပြိုင်မှုတွေနဲ့ ပြည့်နေချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ တချို့အတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက်အေးစက်ပြီး ခွာလာတာမျိုး၊ ထစ်ခနဲဆို ရန်ဖြစ်ငြင်းခုန်တာမျိုးတွေ ဖြစ်လာကြတယ်။ တချို့က နောက်ထပ်အချစ်သစ်ရှာတာမျိုးတွေ ဖြစ်လာတယ်။ တချို့က လမ်းခွဲလိုက်တာမျိုးတွေ ဖြစ်လာကြတယ်။

(၄) ဂတိနဲ့ လက်ခံချိန်

ဘယ်လို ခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မတို့က ကျွန်မတို့ရဲ့ အသိဉာဏ်နဲ့သည်းခံနိုင်မှုကို မြှင့်တင်ရတယ်။ ကိုယ်နဲ့မတူတဲ့ တစ်ဘက်သားရဲ့ခြားနားချက်ကို စတင်ကိုက်ညှိလက်ခံရတယ်။ ဒီလို အသိဉာဏ်၊ သည်းခံနိုင်မှုနဲ့ ကိုက်ညှိလို့ရလာတဲ့ အချစ်ရဲ့လက်ဆောင်က လူ့ဘဝတစ်သက်တာကို ကောင်းကျိုးဖြစ်စေတယ်။ လူကိုလည်း ပျော်ရွှင်ချမ်းမြေ့စေတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် လူနှစ်ယောက်ရဲ့ အချင်းချင်းအပေါ် ဂရုစိုက်ခြင်း၊ ကြင်နာခြင်းတွေက အကျင့်တစ်ခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းသွားတယ်။ ဘယ်ဖက်လက်နဲ့ ညာဖက်လက်အကျင့်အသွင် ပြောင်းသွားတာဖြစ်တယ်။ လက်တစ်ဖက်ဖက် မရှိရင် အခြားလက်တစ်ဖက်အတွက် မပြည့်စုံတဲ့အကျင့်မျိုးဖြစ်တယ်။

ဒီအဆင့် ၄ဆင့်စလုံးမှာ အချင်းချင်းပြောဆိုဆက်ဆံရေးက အရေးအကြီးဆုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အချင်းချင်း ပြောဆိုဆက်ဆံတဲ့အချိန်တွေ ချို့တဲ့ရလောက်အောင် နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေက ကျွန်မတို့ရဲ့ခြေထောက်ကို ချုပ်နှောင်ရင် ချုပ်နှောင်ထားမယ်။ ဒါပေမဲ့ အချင်းချင်း လျစ်လျူမရှုမိဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် သင့်စိတ်ထဲ ခံစားနေတာတွေ တစ်ဘက်သားကို ပြောပြပါ။ ရင်ဖွင့်ပါ။ သင့်ခံစားနေတာတွေ၊ သင့်ထင်မြင်ချက်တွေကို သူလည်း သိမြင်ခံစားပါစေ။ ဒါဟာ ငြီးတွားတာမဟုတ်သလို မြည်တွန်တောက်တီးတာလည်း မဟုတ်ပါဘူး။ တစ်ဦးရင်ထဲက ခံစားချက်၊ ထင်မြင်ချက်ကို နောက်တစ်ဦး သိနားလည်ထားဖို့ ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် နှစ်ယောက်တစ်ဘဝက ပိုဝေးဝေးသွားဖို့ပဲ ရှိတော့တယ်။

တကယ်လို့ ကိစ္စတစ်ခုခုနဲ့ နှစ်ယောက်သား အငြင်းပွားရန်ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အထင်လွဲတယ်ဆိုရင် အချင်းချင်းပြောဆိုဆက်ဆံဖို့ ပိုလိုအပ်ပါတယ်။ အထင်လွဲ၊ အမြင်လွဲတာကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း အဝင်မခံပါစေနဲ့။ ရင်ထဲ အနက်ဆုံးနေရာမှာ ဆူးတစ်ချောင်းအဖြစ် ကျန်ရှိခဲ့မှာစိုးလို့ပါ။ ဒါဟာ လူနှစ်ယောက်ကို တဖြေးဖြေး ဝေးကွာစေမယ့်ဆူးဖြစ်တယ်။

အသိဉာဏ်ရှိတဲ့ ဇနီးမယားဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ရေနဲ့တူတဲ့ မိန်းမ

ဒီလိုစကားတစ်ခွန်းကို ကျွန်မ အရမ်းသဘောကျခဲ့တယ်။ "မိန်းမတစ်ယောက်ဟာ ရေလိုကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ရှိရင် သူဟာ ရေနဲ့တူတဲ့မိန်းမပါ"တဲ့။ ရေလိုပျော့ပျောင်းနိုင်သလို၊ ရေလိုအင်အားကြီးမားနိုင်တဲ့ ဒီလိုမိန်းမမျိုးဟာ စိတ်သဘောထားကြီးမြတ်တယ်၊ အမျှော်အမြင်ရှိတယ်၊ အကြင်နာကရုဏာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တယ်၊ လူတွေကို ကူညီ၊ ဂရုစိုက်တတ်တယ်။ ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်ခြင်းသက်သက်နဲ့ပဲ ပေးဆပ်တယ်၊ ဒီလို မိန်းမမျိုးဟာ မိသားစုကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မိန်းမမျိုးဖြစ်တယ်။

ကိုယ့်ကိုယ်ကိုချစ်တဲ့ မိန်းမ

အသိဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သိနားလည်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုချစ်မှ သူတစ်ပါးရဲ့အချစ်ကိုရမယ်၊ သူတစ်ပါးကို ချစ်တတ်မှာဖြစ်တယ်။ တစ်ခါက ကျွန်မကို မေးတဲ့မေးခွန်းတစ်ခုကို ကျွန်မ ဒီလိုပြန်ဖြေခဲ့တယ်။

တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်မရှိရင် ချစ်စရာကောင်းအောင် နေပါ။
တကယ်လို့ ချစ်စရာကောင်းအောင်လည်း မနေတတ်ဘူးဆိုရင် စိတ်နေစိတ်ထားကို မြှင့်တင်ပါ။
တကယ်လို့ စိတ်နေစိတ်ထားကို မမြှင့်နိုင်ရင် နူးညံ့သိမ်မွေ့ပါ။
တကယ်လို့ နူးညံ့သိမ်မွေ့တာလည်း နားမလည်ဘူးဆိုရင် အကျင့်သီလရှိပါ။
တကယ်လို့ အကျင့်သီလရှိတာလည်း မလုပ်နိုင်ဘူးဆိုရင် ပြုံးရယ်ပါ။
ပြုံးရယ်တာဟာ အလှဆုံးဘာသာစကားဖြစ်တယ်။ ဘယ်သူကမှ သင့်ရဲ့အပြုံးအရယ်ကို မဟန့်တားနိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး။ တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်ရှိခဲ့ရင်လည်း စာများများဖတ်ပြီး အသိပညာတိုးပွားအောင် လုပ်ပါ။ အကြောင်းက အချိန်ရဲ့တိုက်စားချက်ကြောင့် လှပတဲ့ရုပ်ရည်တွေဟာ တစ်ချိန်ချိန်မှာ အိုမင်းသွားတတ်တယ်။ စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိပညာတွေက နှစ်ချို့ဝိုင်တွေလို နှစ်ကြာလေ တန်ဖိုးရှိလေဖြစ်တယ်။ နောက်ပြီး တစ်ခုမှတ်ထားရမှာက အမြဲတမ်း နုပျိုပျော်ရွှင်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

မိန်းကလေးတွေ ချွဲနွဲ့တတ်တာ၊ အလှပြင်တတ်တာ၊ ပေါင်တံလေးဖြောင့်စင်းအောင် ဂရုစိုက်တတ်တာတွေကို ယောက်ျားလေးတွေ လိုချင်ကြတယ်၊ ယောက်ျားလေးတွေ ဂရုစိုက်ကြတယ်လို့ မိန်းကလေးအများက မှားမှားယွင်းယွင်း ထင်ခဲ့ကြတယ်။ တကယ်တမ်း ယောက်ျားလေးတွေ ပိုဂရုစိုက်၊ ပိုလိုချင်တာက မိန်းကလေးရင်ထဲက ထွက်ပေါ်လာတဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျန်းမာတဲ့၊ နေရောင်လိုလင်းလက်တဲ့ စိတ်နေသဘောထားတွေဖြစ်တယ်။ ဒီအရာတွေက မိန်းကလေးကိုယ်ပေါ်မှာ ဝတ်စားထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ တိုင်းတာ၊ အစားထိုးလို့ မရနိုင်ပါဘူး။

လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူ

လင်ယောက်ျားရဲ့ချစ်သူလို့ဆိုလိုက်တာနဲ့ လူတိုင်းရဲ့အတိုက်အခံကို ကျွန်မခံရတော့မယ်။ ကျွန်မပြောတာကို စိတ်ရှည်ရှည်ထားပြီး အရင်ဆုံးနားထောင်ပေးပါ။

လူတိုင်းမှာ မတူတဲ့ဝါသနာ၊ မတူတဲ့စိတ်ဝင်စားမှုတွေ ရှိတယ်။ တချို့က ပန်းမာလ်တွေကို စိတ်ဝင်စားတယ်၊ တချို့က လက်ဖက်ခြောက်တွေ မြည်းစမ်းရတာကို ကြိုက်တယ်။ တချို့က ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတယ်၊ တချို့က ပန်းချီတွေကို စိတ်ဝင်စားတယ်။ လင်မယားတွေမှာလည်း အဲဒီလိုပါပဲ... လင်ယောက်ျားကြိုက်တာကို မယားကြိုက်ချင်မှ ကြိုက်မယ်၊ မယားစိတ်ဝင်စားတာကို လင်ယောက်ျားစိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ချစ်သူရည်းစားဖြစ်စမှာတော့ တစ်ဦးအကြိုက်ကို တစ်ဦးလိုက်လျောခဲ့တယ်။ အကြိုက်တူပြီး စိတ်နှလုံးချင်းထပ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝရောက်တော့ နှစ်နှစ်လလရဲ့တိုက်စားချက်တွေကြောင့် အကြိုက်တွေ၊ စိတ်ဝင်စားမှုတွေက တဖြည်းဖြည်း ကွာဟလာခဲ့ကြတယ်။ အခြားတစ်ယောက်အတွက် ဆန်၊ ဆီ၊ ဆားစတဲ့အရာတွေက နေ့တိုင်း မပြောမဖြစ် ပြောရတဲ့စကားဖြစ်လာတဲ့အခါ အခြားတစ်ယောက်က အဲဒီစကားကို ပြန်ဖြေ၊ ပြန်ပြောဖို့ ငြီးငွေ့လာတော့တယ်။ အဲဒီလိုနဲ့ အိမ်မှာကြုံရတဲ့ ငြီးငွေ့တဲ့အရာတွေကို အပြင်က လတ်ဆတ်ဆန်းသစ်တဲ့ အရာတွေရှာပြီး အစားထိုးတော့တယ်။ တကယ့်လက်တွေ့ဘဝ အိမ်ထောင်ရေးမှာ ရိုမန်တစ်ဆန်တာလေးတွေလည်း လိုအပ်တယ်။ လင်ယောက်ျားရဲ့ ဝါသနာ၊ စိတ်ဝင်စားတာတွေကို နည်းနည်းဂရုစိုက်ကြည့်ပါ။ သူနဲ့ အတူပါဝင် လှုပ်ရှားပါ။ သူပြောတာတွေကို နားထောင်ပေးပါ။ သူရဲ့ အမာခံ နားထောင်သူပရိသတ်လုပ်ပါ။ အဲဒီလိုလုပ်တဲ့အခါ စိတ်ထဲမှာ စိတ်ပါလက်ပါရှိပါစေ၊ ဟန်ဆောင်မှုတွေ ကင်းပါစေ။ ဒါတွေကို လုပ်နိုင်ရင် သင်ဟာ လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူဖြစ်ပါတယ်။

လှပပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောင်နိုင်ဖို့ အသိဉာဏ်လိုအပ်တယ်။ အဲဒီအပြင် ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုအတွက် ပေးဆပ်နိုင်တဲ့ နှလုံးသားတစ်စုံရှိဖို့ ပိုလိုအပ်တယ်။ ဇနီးမယားရဲ့ အပြုအမှုဟာ dominoကစားနည်းထဲက ပထမဆုံးအချပ်နဲ့ တူတယ်။ ရထားတွဲလို အချပ်လေးတွေအားလုံးကို ဦးဆောင်ထားတယ်။ ကိုယ်တိုင်ပျော်ရွှင်မှ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုကို ပျော်ရွှင်ခြင်းဆီ ဦးဆောင်၊ သယ်ဆောင်နိုင်မှာဖြစ်တယ်။ 







မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110423/180914.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, 11 August 2011

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ

     ယနေ့ခေတ် လူငယ်များ မင်္ဂလာမဆောင်ခင် လုပ်သင့်လုပ်ထိုက်သော အရာတစ်ခုကို http://www.myanmarnewszone.com  မှ ကူးယူ ဖော်ပြ ပေးလိုက်ပါသည်။ 


                                   လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။




         ၁။လက်မထပ်ခင် ဆေးစစ်ခြင်း
                         လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။



ရောဂါတွေ့ခဲ့လျှင်
                           ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။



သားသမီးရယူရေး
             အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။


သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။



စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။


Ref: Good Health




Tuesday, 9 August 2011

အောင်မြင်ရေးနည်းလမ်းများ

အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့

သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း

၂။ Competence = အစွမ်းအစရှိခြင်း

၃။ Courage = သတ္တိရှိခြင်း

၎။ Communication = ဆက်သွယ်မှုရှိခြင်း

၅။ Charm = ဆွဲဆောင်မှုရှိခြင်း

၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း

၇။ Confidence = ယုံကြည်မှုရှိခြင်း

၈။ Control = ထိန်းချုပ်ခြင်း

၉။ Commitment = ကတိတည်ခြင်း

၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း

ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင်

တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း

 တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။

လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့

ရည်ရွယ်ချက်၊အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ

မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား

ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။


၁။ တည်ဆောင်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင်

သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း

စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။

သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။

သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့

နေရာကို ရောက်မှာပါ။

၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ်

ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။

လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့

ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု

မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ

ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။

အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။

စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ

တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း

ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့

နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး

တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့

ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။

အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ

အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့်

 အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး

နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်း

ကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး

ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု

ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင်

ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား

ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်

ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင်

သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။

အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ

ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား

ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက

အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ်

လိုအပ်ချက်ပါ။

၎။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး

မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော်

ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည်

နေဖို့က အဓိက ကျပါတယ်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့

မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု

အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား

ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း

ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့

အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင်

မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။

ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင်

သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ

တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို

ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ်

တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ်

တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု

ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ

မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင်

အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ

တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက်

 စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ

တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ

မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ

မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင်

လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့

တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ

အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက်

စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက်

အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန်

အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင်

တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။

၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင်

သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ

ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။

ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့

ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ

တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့

လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာ

မှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက်

လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို

ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ

 စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို

ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ

အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့

အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။

ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ်

ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင်

သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး

အကောင် အထည် ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့

အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။

သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့

အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး

လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင်

သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့

ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့

ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ

အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

...... ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်

ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ ... ။
 
 
 
 Source: မှော်ဝန်းသား
 

အိမ်ထောင်ရေး

ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက
နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့
လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။
ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက်
ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။



ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။
ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့
ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။
ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။



ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။
ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊
မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။
စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့်
ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ
တာရှည်ခိုင်မြဲစေပါတယ်။



ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး
ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့
ဒီလိုဖိနပ်မျိုးက စီးလိုအသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။


စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက်
ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့်
စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။



အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက
ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့်
ကြည့်ရတာထူးခြားတယ်။



အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက
ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။
ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။
အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။




ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး
စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို
အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ
အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။



ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊
လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊
လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။


ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့
ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့
စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။




အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး
ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို
နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။



အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလိုကောင်းတဲ့
ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့
ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး
စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။



သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့်
သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ
အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို
လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနှိမ်ကျင့်ခံရမှာကို
ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ
မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။



ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင်
လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို
တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို
ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က
တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။



ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို
စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ
ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။
ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး
အရွေးမမှားစေချင်ပါဘူး။



အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။
ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ?
ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ
လုပ်နိုင်ခဲ့ပါတယ်။



အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့
ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့
ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊
နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို
တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။


ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို
လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။


(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

(https://www.ztunnel.com)

Saturday, 6 August 2011

ဘဝမှာမရှိမဖြစ်သူငယ်ချင်း

                                            သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။
သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။
လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။
ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှစ်ယောက်လိုသလဲ ?
အမေရိကန်စာရေးဆရာ Todd Parr  က "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rath  က လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

 (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။



(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ

သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

(ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆန်းစစ်ကြည့်လို့ ရတာပေါ့နော်။ သူငယ်ချင်းတို့ အားလုံး ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေနဲ့  အမြဲ ဆုံစည်းနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

  Source: Forwadmail

Friday, 5 August 2011

ဗုဒ္ဓဘာသာ(၅)မျိုး

                                  ကျွန်တော် အပါအဝင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းသိသင့်သိထိုက်သော   ဗုဒ္ဓဘာသာ (၅) မျိုးကို  ဖေါ်ပြလိုက်ပါသည်။
                                                   

                                                      ဗုဒ္ဓဘာသာ(၅)မျိုးကတော့.
                                                 
                                                     (၁) ကုလဗုဒ္ဓဘာသာ                        

                                                    (၂) လာဘဗုဒ္ဓဘာသာ

                                                     (၃) ဘယဗုဒ္ဓဘာသာ

                                                    (၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ

                                                     (၅) ပညာဓိကဗုဒ္ဓဘာသာ



(၁)ကုလဗုဒ္ဓဘာသာ......ကုလ ဗုဒ္ဓဘာသာဆိုတာ<span> ရိုးရာဗုဒ္ဓဘာသာ</span>ကို ပြောတာပါ။ မိဘ ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ ဘုရားရှင် ဘာလို့ပွင့်မှန်းလည်း မသိ၊ ဘုရားက ဘာတရား ဟောမှန်းလည်း မသိ၊ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်း မသိ။ တရားတော်ကို ဘာ ကြောင့် ကိုးကွယ်ရမှန်း မသိ၊ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်း မသိ၊ ဘာ ကြောင့် ဒီလောက်ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ။ အသိပညာ ဘာမှ မပါတာ ကုလ ဗုဒ္ဓဘာသာပါ။



(၂)လာဘဗုဒ္ဓဘာသာ.......လာဘ ဗုဒ္ဓဘာသာဆိုတာ<span> လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာ</span>မျိုးကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးများ တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကို ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်၊ ဟိုဘုရား ကိုးကွယ်ရင်တော့ဖြင့် စီးပွားရေး တက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှသာ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိကက စီးပွားဖြစ်နေတယ်ဆိုတာ ဘုရားကြောင့် မဟုတ်ပါဘူး။ ကံ၊ ဉာဏ်၊ ဝိရိယ၊ သတ္တိ ကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်/ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ၊ ပြဿဒါး ရွေးနေတာတွေ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်၊ ဘွားတော်ပုံတွေကို တင် ထားတာတွေ။ ကိုကြီးကျော်၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင်တွေ ယုံ ကြည်ပြီး ယတြာတွေ ချေလိုက်ကြ စသည့် လာဘ်လာဘများ လိုချင်လို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။



(၃)ဘယဗုဒ္ဓဘာသာ......ဘယ ဗုဒ္ဓဘာသာဆိုတာ<span> ဘေးကိုကြောက်လို့ ကိုးကွယ်တာ</span>ကို ခေါ်ပါတယ်။ အန္တရာယ်ကင်း ဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မည်သာဆိုရင် ဘုရား မကိုးကွယ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တာကို လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊ လာဘ၊ ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာများဟု ခေါ်ပါသည်။ ဟိုလူ မပါ။ ဒီလူမပါ။ ဟိုလူ့ ပသပါတယ်။ ဒီလူ့ ပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာ တွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ခန္ဓာမှာ အသိ၊ ဘာသာရေး အသိဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့အရမ်း ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကို လည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော် ဆက် ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ? ဘာအတွက် သာသနာကို ချီးမြှောက်နေ တာလဲ? ဘာအတွက် ကျောင်းဆောက် နေတာလဲ? စဉ်းစားပါ။ ဝေဖန်ပါ။ သုံသပ်ပါ။



(၄)သဒ္ဓါဓိကဗုဒ္ဓဘာသာ.......သဒ္ဒါဓိကဗုဒ္ဓဘာသာဆိုတာ <span>သဒ္ဒါတရားကို အရင်းခံ</span>ပါတယ်။ သဒ္ဒါတရားဆိုတာ ယုံကြည်ချက် ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေ ရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါနဲ့၊ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာ သဒ္ဒါဆိုပြီး (၂)မျိုး ရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ သစ္စာတရားကို သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ၊ ဂရုဏာ တော် အပြည့်နဲ့ သစ္စာလေးချက်၏ အနက်ကို ဟောကြားတော် မူခဲ့ပါသည်။ ဒီတရားတော်ရဲ့ အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန် ဝင်စံ သွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ "မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက်၊ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရသလဲ?။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း သာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာသို့ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ ထိုတရားတွေ မကွယ်မပျောက် သေး တာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာတော်တွေရဲ့ ကျေဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေကို သံဃာတော် တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက် ထားခဲ့တာပါ။ သံဃာတော်ကို ယုံကြည်မှု၊ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်နဲ့ ယုံကြည်ကြတဲ့ သမ္မာသဒ္ဒါ ယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ်။ အန္တရာယ် ကင်း တယ်ဆိုပြီး ကိုးကွယ် ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင် ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများက ဦးတိုက်နေလို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု၊ ဒါတွေဟာ မိစ္ဆာသဒ္ဓါ တွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာ ပို့ဆောင်နိုင်ခဲ့လို့၊ အသေလွတ် ရာ တရားကိုဆောင်ထားနိုင်လို့ "ရတနာသုံးပါးကို ကိုးကွယ်ပါ၏" ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ် သာရ မရှိတာကို မရှိဘူးလို့ သိပါတယ်၊ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိပါတယ်၊ မှား တာကို မှားတယ်လို့ သိတယ်၊ မှန်တာကို မှန်တယ်လို့ သိတယ်၊ သိတဲ့အပြင် အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။



(၅)ပညာဓိကဗုဒ္ဓဘာသာ......<span>သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာ</span>ကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာ သာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည်တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက် မြင်တာ ခန္ဓာက မြင်တာလား? ပညာက မြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့၊ ပျက် တာပဲ ရှိတာလို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြံလိုက် တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဒါ၊ ဖြစ်ပျက်မြင် တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာဟာ သွားပြီး တွဲနေပါတယ်။သဒ္ဒါတရား မှန်မှန်ကန်ကန်ဖြင့်သာ ကြိုးစားမယ်ဆိုရင် အပ္ပါယ်လေးပါးမှ လွတ်မြောက်နိုင်ပါ ၏။ ဒို့မှာ အပ္ပါယ်မျိုးစေ့တွေ၊ အပ္ပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိကြပါတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကို တားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲဆိုတော့ ဉာဏ်နဲ့ဖြတ်ရမယ်။ ဉာဏ်နဲ့ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ် မှာ သဒ္ဒါလည်း ပါတယ်၊ ပညာလည်း ပါတယ်။ ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။



(ဒီဗုဒ္ဓဘာသာ(၅)မျိုးအကြောင်းအား အရှင်ဇောတိကသာရ(စဥ့်ကူး) ရေးးသားပူဇော်ခဲ့သည့် မိုးကုတ်မြို့၊ ကုန်းမြင့်သာရပ်၊ ဓမ္မရံသီရိပ်သာ၊ ပဓာနနာယက ကမ္မဠာနစရိယ နယ်လှည့်ဓမ္မ ကထိကဆရာတော် ဘဒ္ဒန္နသုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုးနှင့် သစ္စာလေး ပါး တရားတော် စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်)

Thursday, 4 August 2011

မိုးပြိုသောနေ့ (အပိုင်း ၂)

                              ကျွန်တော် ခံစားချက်လေးတွေကို ဆက်လက်ဖော်ပြလိုက်ပါသည်။  မိသားစုတစ်ခုမှာ မိဘနှစ်ပါးဟာ သေကွဲသော်လည်းကောင်း ၊ရှင်ကွဲသော်လည်းကောင်း ကွဲကြပြီးဆိုရင် နောက်ဆုံး မှာတော့ သားသမီးများဟာ လူပုံအလယ်မှာ မျက်နှာငယ်စွာဖြင့် ကြီးပြင်း ရုန်းကန်ရတာ အတော်လေးကို ခံစားချက်ပြင်းလွန်းပါသည်။ ကိုယ်တွေ့ ဖြစ်ရပ်မှန်လေးတစ်ခု တင်ပြချင်ပါသည်။
                             အညာဒေသ ရွာလေးတစ်ရွာမှ  မိသားစု နှစ်စုရဲ့အကြောင်းဖြစ်ပါသည်။ မိသားစုတိုင်းမှာ သားသမီး သုံးယောက်စီရှိကြ ပါသည်။  ကံကြမ္မာမုန်းတိုင်းက တိုက်ခတ်လာတော့လည်း ရှောင်ပြေးမရခဲ့ကြပါဘူး။ ပထမ မိသားစုမှာကြတော့ ဖခင်ဖြစ်သူက ပျော်စရာကောင်းသောမိသားစုမှ သေကွဲ ခွဲသွားပါတယ်။ ဒုတိယ မိသားစုမှာကြတော့ ဆန့်ကျင်ဘက် ဗျ...... မိခင်ဖြစ်သူက နွေးထွေးမှုတွေ စုစည်းရာ မိသားစုမှ သေကွဲ ခွဲသွား ပါတယ်။  ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာက ဒီမိသားစု နှစ်စု၏ မိသားစု ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်း သွားပုံ၊ ဖရိုဖရဲ ဖြစ်ရရှာပုံ တွေကိုပြောပြချင်တာပါ။ိ
                            မိခင်သာရှိတော့တဲ့ မိသားစုကြတော့ မိခင်လုပ်သူဟာ နောက်အိမ်ထောင်ပြုချင်သော်လည်း အရှက်တရားကို လက်ကိုင်ထားပြီး သားသမီးတွေကို ဖခင်မေတ္တာတစ်မျိုး၊ မိခင်မေတ္တာ တဖုံ အမျိုးမျိုး ပေးပြီး ပျော်ရွှင်စရာကောင်းသော မိသားစုကြီးကို ဆက်လက်ထိန်းသိမ်းသွားတာ ယနေ့တိုင်ထိပါပဲဗျာ...  ခုလောက်ဆိုရင် သားသမီးတွေ အိမ်ထောင်ကျပြီးဆိုတော့  မြေးတွေ ရနေလောက်ပါပြီး။ ဖခင်မရှိသော်လည်း ပျော်စရာကောင်းနေခဲ့ပါတယ်။
                              ဒုတိယမိသားစုမှာကြတော့တစ်မျိုးဗျ.... ဖခင်ဆိုတော့ မိခင်လောက်တော့ စေ့စေ့ စပ်စပ်  ဂရုစိုက်မစိုက်ပေးနိုင်တော့ဘူးလေဗျာ..   ယောင်္ကျားဆိုတော့လည်း တစ်ပင်လဲတော့ နောက်တစ်ပင်ထူချင်ကြတာပေါ့.....နောက်အိမ်ထောင်ပြုရှာတော့ သားသမီးတွေမှာ ပိုပြီးတော့မျက်နှာငယ်ရရှာတာပေါ့.။  မိသားစုက ပိုပြီးတော့ စိတ်ပျက်ဖို့ကောင်းသွားပါတယ်....ခုချိန်ထိလည်း အဲဒီ မိသားစုဟာ တစ်ကွဲတစ်ပြားစီပါပဲ..
                          ကျွန်တော်ပြောချင်တာက ဖခင်ယောင်္ကျားတွေကို အပြစ်ပြောချင်တာမဟုတ်ပါဘူး။ မိသားစုတစ်ခုမှာ မိခင်၊ဖခင်တွေဟာအင်မတန် အရေးပါပုံ အရာရောက်ပုံကို ပြောပြ ချင်တာပါ။ မိစုံဖစုံ နေရတဲ့ သားသမီးတွေရဲ့ စိတ်ထားနဲ့ ဖအေမိဘ မစုံပဲ နေရတဲ့ သားသမီးတွေဟာ အင်မတန်ကွာခြားပါတယ်။ လက်တွေ့ ခံစားဖူးမှ နားလည်ကြမှာပါ.။ 
                        
                     ၁။   ကျွေးမွေးမပြတ်
                     ၂။  ဆောင်ရွက်စီမံ
                     ၃။  မွေခံထိုက်စေ
                     ၄။ လှူမျှဝေ၍
                    ၅။ စောင့်လေမျိုးနွယ်  ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။
         ဒါကြောင့် သားသမီးဖြစ်သူတွေဟာ မိဘနှစ်ပါး ရှိနေစဉ်မှာ  သားသမီးဝတ္တရား (၅)ပါး အညီ ပြုစုစောက်ရှောက်ပေးကြပါလို့  တောင်းဆို ဂါရဝ ပြုချင်ပါသည်။






                                                                        ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
















Wednesday, 3 August 2011

လူတိုင်းအဆင်ပြေစေဖို့

                    ကျွန်တော် အနေနဲ့ လူတိုင်းလူတိုင်း နိစ္စဓူဝ ကိစ္စအဝဝ အဆင်ပြေစေရန် နည်းလမ်းကောင်းတစ်ခု လမ်းညွှန်ပေးချင်ပါသည်။ ရွာဦးကျောင်းဆရာတော် ဦးပဏ္ဍိတ မှ ကျွန်တော့် အဖိုးအား မိန့်ကြားခဲ့သော အဆောင်လင်္ကာမန္တာန်လေးတစ်ခုဖြစ်ပါသည်။ အဖိုးမှ မြေး ဖြစ်သူ ကျွန်တော်အား သွန်သင်ဆုံးမပေးထားတာပါ။ အဲဒါ ကျွန်တော်အနေဖြင့် စာဖတ်သူ ပရိတ်သတ်များအား မျှဝေပေးလိုက်ချင်ပါသည်။လူတိုင်းအတွက်  မှတ်သားရတာလည်း လွယ်ကူပြီး လုပ်ဆောင်ရတာလည်း နေ့(၇)နေ့အလိုက်လုပ်သွားရုံပဲဖြစ်ပါတယ်။  မူရင်းလင်္ကာလေးကိုတော့ မေ့သွားလို့ ဖော်ပြမပေးနိုင်တဲ့အတွက်   တောင်းပန် ပါတယ်။ ကျွန်တော် မှတ်သားထားသည့်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။..................................
     

                 ၁။တနင်္ဂနွေနေ့ ----- ဆိုရင်---------   ငယ်ထိပ်  မှာ “အ” ရေးပါ။
                 ၂။တနင်္လာနေ့ ------ဆိုရင်---------    နဖူး မှာ “က”  ရေးပါ။
                 ၃။အင်္ဂါနေ့        ------ဆိုရင်-------        နှာခေါင်း  မှာ “စ” ရေးပါ။
                ၄။ ဗုဒ္ဓဟူးနေ့---------ဆိုရင်-------       လျှာ  မှာ    “ယ” ရေးပါ။
                ၅။ကြာသပတေးနေ့--ဆိုရင်-------     ပါးညှပ်ရိုးအောက်  မှာ “ပ” ရေးပါ။
                ၆။သောကြာ နေ့-----ဆိုရင်-----         ရင်ဘတ် မှာ  “သ” ရေးပါ။
                ၇။စနေနေ-------ဆိုရင်--------    ချက် မှာ  “ထ” ရေးပါ။                                                         
    
      လူတိုင်း အရာရာအဆင်ပြေပြီး ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေလို့ ဆုတောင်း ထောပနာ ပြုလိုက်ပါသည်။
    



                                                               ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Monday, 1 August 2011

မင်္ဂလာပါ ခင်ဗျာ

  မိတ်ဆက်ပေးပါရစေ
                             ( မြတ်နိုးချစ်မောင် ) သည်  ကျွမ်းကျင်သော ဘလော့ဂါ တစ်ဦးမဟုတ်ပါကြောင်း  ရှေ့ဦးစွာ ဝန်ခံအသိပေးအပ်ပါသည်။ ကျွန်တော် အနေနှင့် ကျွန်တော့်ဘဝအတွေ့အကြုံသော်လည်းကောင်း ၊ကိုယ်တွေ့ ဇာတ်လမ်း၊ ဘာသာရေး၊ ကျန်းမာရေး ၊ ပညာရေး၊ ဗဟုသုတရစာရာ အချက်အလက်များကို စုဆောင်းပြီး တင်ပေးသွားပါမည်။
                                              ညစ်ညမ်းသော ဖိုမရေးရာကိစ္စများကို  ( မြတ်နိုးချစ်မောင်)  အနေဖြင့် ဘလော့တွင်လုံးဝတင်သွားမည်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။       ( မြတ်နိုးချစ်မောင်)၏ဘလော့အား    ဝင်ရောက်ကြည့်ရှု့သူအားလုံး  မိမိဘဝလေး လှပတင့်တယ်အောင် ဖန်းတီးနိုင်သော ပိုင်ရှင်များဖြစ်ကြပါစေလို့  တောင်းဆုထောပနာ ပြုအပ်ပါသည်။
                           

မိုးပြိုသောနေ့

                     ကျွန်တော်တို့  ဗုဒ္ဓဘာသာမှာ အနန္တောအနန္တ (၅) ပါးရှိပါတယ်။    အဲဒါတွေကတော့
                                              ၁။ ဗုဒ္ဓဂုနောအနန္တော
                                              ၂။ဓမ္မဂုနောအနန္တော     
                                              ၃။သံဃာဂုနောအနန္တော
                                             ၄။မာတာပိတုဂုနောအနန္တော
                                             ၅။အာစရိယဂုနောအန္တော                       ဆိုပြီး (၅)ပါးဖြစ်ပါတယ်။
ဤ (၅)ပါးအနက်မှ ရင်ခွင်မဲ့သားငယ် အနေနဲ့ တင်ပြချင်တာကတော့ စတုတ္ထမြောက်ဖြစ်သော မာတာပိတုဂုနောအနန္တော ၏ ခမ်းနာကြီးကျယ်ပုံကို ရင်တွင်းခံစားချက်လေးတစ်ခုအဖြစ် တင်ပြချင်ပါတယ်။
                                             မိသားစုတစ်ခုမှာ ဖေဖေ ၊မေမေ ၊ သား ၊ သမီး ဆိုပြီး ပုဂ္ဂိုလ် လေးဦးဟာ မရှိမဖြစ်လိုအပ်မယ်လို့ထင်ပါတယ်။ မိသားစုတိုင်းဟာ သားသမီးတွေရှိမှ လင်နဲ့မယား အိမ်ထောင်သက်တမ်းရှည်ပြီး ပျော်ရွှင်ရမှာဖြစ်သလို ၊ မဖေ ၊အမေ အဓိကကျသောသူ ရှိနေမှလည်း သားသမီးတွေက လူပုံအလည်မှာ မျက်နှာမငယ်ရမှာ ဧကန်အမှန်ဖြစ်မယ်လို့ ကျွန်တော်ယူဆမိပါသည်။
                 ဥပမာအားဖြင့်....... .......သားသမီးမရှိတဲ့ မိသားစုတစ်ခု၏အကြောင်းကို ပြောကြည့်ရအောင်....
လက်ထပ်ပြီးခါစကတော့  တစ်ယောက်နဲ့တစ်ယောက်ကလည်းအရမ်းချစ်တယ်၊ စီပွါးရေးကလည်းပြည့်စုံတယ်.အရမ်းသင့်မြတ်နေပါလိမ့်မယ်။ အိမ်ထောင်သက်လည်းကြာလာရော ကွက်လပ်လေးတစ်ခုက ထင်းခနဲ့ပေါ်လာပါတော့တယ်။ အဲဒါဘာလည်းဆိုတော့ သားသမီးရတနာလို့ ခေါ်တဲ့မိသားစုတစ်ခုရဲ့ မရှိမဖြစ်လိုအပ်သော အဆင်တန်ဆာဖြစ်ပါတယ်..အခုချိန်ကစပြီး လင်နဲ့မယားကြားမှာပြဿနာကစတတ်ပါပြီး။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတော့ ဘာဖြစ်ကြလဲ...
တချို့ကတော့ လင်မယားချင်း ကွာရှင်းကြ ၊ ပိုက်ဆံတတ်နိုင်သောသူကတော့ ဖန်ပြွန်သန္ဒေသားဖြင့် သားသမီးရတနာ ရယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုဖြစ်အောင် ဖန်တီးသွားကြပါတယ်..။
                                     အဓိက ကျွန်တော်ပြောချင်တဲ့အကြောင်းက အဖေ မရှိသော သားသမီးများရဲ့ ခံစားချက်၊ အမေမရှိသော သားသမီးများရဲ့ခံစားချက်၊ အဖေ၊ အမေ နှစ်ဦးစလုံးမရှိသော သားသမီးများရဲ့ ခံစားချက် လေးတွေအကြောင်း ကို မျှဝေ ခံစားစေချင်တာပါ။ ကျွန်တော် ( မြတ်နိုးချစ်မောင်) ဟာ အမေမရှိသော သားတစ်ယောက် ဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ခံစားချက်လေးပဲ မျှဝေပေး ခံစား
ပေးချင် ပါတယ်။ ကျွန်တော့်အမေဟာ ကျွန်တော် ၅နှစ်သားကတည်းက ပျော်စရာကောင်းတဲ့မိသားစု အသိုက်အမြုံထဲကနေ ထွက်ခွါ သွားတာပါ။ ခုဆိုရင် ၂၂နှစ်တောင်ကျော်သွားပါပြီး။ ဒီလောက်တောင်ကြာပြီဆိုရင် ကျွန်တော် ရင်ထဲမှာ ခံစားချက်တွေ ဘယ်လောက်တောင်ရှိနေမလဲဆိုတာ  စာဖတ်သူ အရမ်းသိချင်နေမှာပဲလို့ ခံစားမိပါတယ်။   ရင်နင့်နေအောင်ခံစား ခဲ့ရပါတယ်။
                                    ဥပမာ.... စာဖတ်သူအနေဖြင့် ဗုဒ္ဓဂုနောအနန္တော  ကိုတောင်းတခဲ့ရင် ဘာလုပ်မလဲ?
ဘုရား ၊ကျောင်းကန်သွားပြီးတောင်းတမှုကို ဖြေဖျောက်လို့ရပါတယ်။ ဓမ္မဂုနောအနန္တော သံဃာဂုနောအနန္တော ၊အာစရိယဂုနောအနန္တောတို့ကို တောင်းတခဲ့ရင်လည်း တောင်းတမှုကို လုပ်ယူပြီး ဖြေဖျောက်လို့ရပါမယ်..နောက်ဆုံး ဖအေမိဘ မပြည့်စုံသော သားသမီးတစ်ယောက်က မာတာပိတုဂုနောအနန္တော ကို တောင်းတလာ ခဲ့ရင် ဘယ်လိုအရာနဲ့ ဖြေဖျောက်မလဲ၊ အစားထိုးမလဲဆိုတာကို စာဖတ်သူ များသိခဲ့ရင် ကျွန်တော့်ကို အသိပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဘာနဲ့မှအစားထိုးလို့မရခဲ့ပါဘူး။ အဲဒီအချိန်ဟာ ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့နေ့တစ်နေ့ပါပဲ... ဘယ်လိုအချိန်တွေမှာ တောင်းတမှုဖြစ်သလဲဆိုရင်... ကျွန်တော့်အတွက် အသုံးအဆောင်တစ်ခုခုလိုသောနေ့၊  ဆရာ၊ဆရာမတွေက ဒီနေ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် တစ်ယောက်ယောက် ခေါ်ခဲ့ရမယ်လို့ပြောတဲ့နေ့၊  ဟိုဟိုဒီဒီ လျှောက်သွားလို့ မိဘနဲ့ သားသမီး ရယ်မောပြီး ပျော်ပျော်ရွှင်ရွှင် နေတာတွေ့သောနေ့တွေဟာ ( မြတ်နိုးချစ်မောင် အရှင်လတ်လတ် ငရဲကျသလို ခံစားခဲ့ရပါတယ် ဗျာ။ ဒီ post ကို ရေးနေရင်တောင် ငိုမိပါတယ်။ အထက်နားမှာ ကျွန်တော်ပြောထားခဲ့ပါတယ် ကျွန်တော်မှာ အမေမရှိဘူးလို့လေ.. ဒါဆိုရင် အဖေရှိရမှာပေါ့.. ဟုတ်တာပေါ့ .ရှိပါတယ်။  ယောင်္ကျားတို့ ထုံးစံကရှိထားပြီးသားလေ  တစ်ပင်လဲတော့တစ်ပင်ထူပေါ့ ၊နောက်တစ်ပင်လဲပြန်တော့လည်း နောက်တစ်ပင်ထူး..ထုံးစံအတိုင်း လိုက်နာကြရတာပေါ့ဗျာ။  နောက်ဆုံးမှာတော့ သားသမီးတွေက မြေဇာပင်ဖြစ်ရရှာတာပေါ့........(ဖေဖေကို အပြစ်လုံးဝမမြင်ခဲ့ပါ )
ဘာလို့လည်းဆိုတော့ သူကကျွန်တော့်ဖေဖေလေ..ဘာပဲလုပ်လုပ်ကျေနပ်ခဲ့တယ်...ခံစားမှုတွေကိုတော့ ရင်ထဲမှာပဲ  သိမ်းထားခဲ့တယ်.. ကျွန်တော့် ခံစားချက်လေးတွေ မျှဝေ ခွင့်ရတဲ့အတွက်  စာဖတ်စသူ ပရိတ်သတ်များကို အထူးကျေးဇူး တင်ပါတယ်

                                                                   ဆက်လက်မျှဝေသွားပါဦးမည်..


                                                                              ကျန်းမာချမ်းသာကြပါစေ                                                                                                         

အလွမ်းလေးနဲ့နှစ်ပါးသွားမယ်